သာသနာ့တက္ကသိုလ်ကျောင်းသားကြီး ကျောင်းတော်က စာသင်ပြီး၍ ထိုက်ထိုက်တန်တန် ရလာသောနေရာ
ရလာသော ထောက်ပံ့ကြေး (၀ါ) လစာသည် “အများသိလျှင် ရယ်ပါလိမ့်မည်။ အမေသိလျှင် ငိုပါလိမ့်မည်။”
ဟုပင် ဆိုရမည့် အခြေအနေပါတကား။ သူကိုယ်တိုင်ကတော့ဖြင့် ငိုရမလို ရယ်ရမလို။
“အင်း ပိုက်ဆံကလည်း အလုံအလောက်မပါ၊ အသိမိတ်ဆွေကလည်း တစ်စုံတစ်ယောက်မှမရှိနဲ့ ဘာဆို
ဘာမှ မပြည့်စုံတဲ့ ဒီနေရာမှာ (၂)နှစ်တာခရီးအထိ ဘ၀ကို ငါ ဘယ်လိုရွက်လွှင့်ရပါမလဲ.......? ။
စဉ်းစားစမ်း....မင်း စဉ်းစားစမ်း။ ”
တွေးရင်းတွေးရင်း လေးလာသည့်ရင်ကို မနိုင်တော့သ၍ ထိုင်လျှက်အနေအထားမှ ပက်လက် အနေအထား
သို့ ရုတ်တရက် ပြောင်းလဲလိုက်သည်။
“ကျွိ.....ကျွိ .....ကျွိ”
“သိမ့်” ခနဲဖြစ်သွားသည့် တုန်ခါလှုပ်ခပ်မှုက အဝေးသို့ရောက်နေသော အတွေးမြှင်ကို ချက်ချင်းပင် ယူငင်
သိမ်းပိုက်ကာ သတိတရားကို လက်ကိုင် ပြုစေလိုက်၏။
“ဟ ...ငလျင်......ငလျင် ဒါ ငလျင်လှုပ်တာပဲ။”
စည်းချက်မညီမညာနှင့်ယိမ်းနွဲ့နေသော ခြေတံရှည်ကျောင်းပေါ်တွင် ငလျင်ဒဏ်ကို ကြိတ်ခံနေ၍မဖြစ်။ ဤ
နေရာတွင် ကူမည့်သူ ကယ်မည့်သူဟူ၍ တစ်ဦးတစ်လေမျှပင် မရှိသည် မဟုတ်ပါလော။ သူ့အသက်နှင့်သူ့
ခန္ဓာကို သူ့ကိုချစ်ကြသည့် ဗုဒ္ဓဘာသာဝင်များရှိရာသို့ တင့်တင့်တယ်တယ် ပြန်လည်သယ်ဆောင်သွားနိုင်ပါ
မည့်အရေး ဘာမှတွေးမနေ ငေးမနေတော့ဘဲ အောက်သို့ ဆင်းပြေးမိသည်။
ကျောင်းအောက်တွင် သစ်ပင်တို့သည် ငလျင်နှင့် မဆိုင်သည့်အလား တည်ငြိမ်နေကြ၏။ ရေအိုး ရေခွက်
များသည်လည်း သမာဓိအပြည့်နှင့်ပင်။ တစ်ခုတည်းသော ခြေတံရှည်ကျောင်းသည်သာ ဂီတမပါဘဲ နစ္စအမှု
ကို ကျူးလွန်နေဆဲ ဖြစ်လေတော့၏။ ထိုသောအခါမှ သူ အမြင်မှန်ရလာသည်။ ထင်းရှူးသားများဖြင့် တည်
ဆောက်ထားသော ခြေတံရှည် သာသနာပြုကျောင်းငယ်သည် သူ၏ရုတ်တရက်ခါးဆန့်လိုက်ခြင်းနှင့် လေ
တိုက်ခြင်းတို့၏ဒဏ်ကို တပြိုင်နက် ခံလိုက်ရကာ သွက်သွက်ခါသွားခဲ့ခြင်းသာဖြစ်ပါ၏။
စင်စစ် သူထင်သကဲ့သို့ ငလျင်လှုပ်ခြင်း မဟုတ်ပါပေ။
(နှစ်)
ရန်ကုန်မြို့ကြီးပေါ်က သာသနာ့တက္ကသိုလ်တွင် သူနေခဲ့ရစဉ်က ခလုပ်ကလေးတစ်ချက်နှစ်လိုက်လျှင် မီးပွင့်
ပြီး ဘီးလေးတစ်ချက်လှည့်လိုက်လျှင် ရေလာသောဘ၀သည် ယခုကဲ့သို့ တောင်တန်းဒေသသို့ ရောက်လာ
သောအခါတွင်ကား အိပ်မက်နှင့်လက်တွေ့အလား ကွားခြားသွားတော့၏။ မီးအလင်းရောင်ရရှိရေး အတွက်
ဖယောင်းတိုင်ကို အားကိုးရသကဲ့သို့ သောက်သုံးရေ ရရှိရေးအတွက် တောင်ပေါ်မှကျလာမည့် စိမ့်စမ်းရေ
လေးကို မျှော်နေရသည်။
ရမ္ဘသုဘ သုရမ္ဘဟူသော ရွှေနုန်းသုံးဆောင်ကို စွန့်ခွါကာ တောထွက်တော်မူ၍ ခြောက်နှစ်တိုင်တိုင်ဒုက္ကရစ
ရိယာကို ကျင့်ကြံတော်မူခဲ့သော မြတ်စွာဘုရားအလောင်တော် သိဒ္ဓတ္ထမင်းသားလေးကို ကိုယ်ချင်းစာသည့်
စိတ်ဖြင့် ဆထက်ထမ်းပိုးတိုးပြီး ကြည်ညိုမိ၏။ ဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ် ကိုရရှိနိုင်မည့်
အရေး အရာရာကို စတေးခဲ့သည်။ ခြောက်နှစ်တာမျှ ခဲယဉ်းသော ဒုက္ကရစရိယာအကျင့်ကို ကျင့်ခဲ့ရသည်။
ထို့အတူ ဘုရားသားတော်ဖြစ်သောသူသည်လည်း (B.A Buddhism) ဘွဲ့ကိုရရှိနိုင်ပါမည့်အရေးအတွက် ဤ
မျှတော့ ပေးဆပ်ရပေလိမ့်ဦးမည်။ ထိုသို့သာ စိတ်ကိုဖြေသိမ့်၏။
ညနေခင်းအချိန်တုန်းက ရွာထဲသို့ သူ စ၀င်လာစဉ်ကြုံခဲ့ရသော ဖြစ်ပုံများကို ပြန်လည်မြင်ယောင်မိ၏။ ထို့
နောက် တစ်ကိုယ်တည်း ပြုံးနေမိသည်။
“ဒီရွာမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ရှိတယ် မဟုတ်လား”
“x x x x x”
သူနားမလည်သည့်ဘာသာစကားကို တစ်ခွန်းတည်း တိုတိုပြတ်ပြတ်ပြော၍ ထွက်ခွါသွားသောလူ၏
နောက်ကျောပြင်ကိုငေးလျှက် စိတ်မသက်သာစွာဖြင့် သက်ပျင်းချမိသည်။
“ဟူး....ဘာဆက်လုပ်ရပါ့မလဲ..။”
“.............................................
.............................................”
“ဟော..ဟေ့လူ ခဏ၊ ခဏ မေးစရာလေးရှိလို့ပါ”
ထိုလူ လှည့်ကြည့်သည်။
“ဥက္ကဋ္ဌအိမ်က ဘယ်နားမှာလဲ၊”
“x x x x x x x x x”
“ဘာပြောတာလဲ ဗမာလိုလေး ပြောပေးပါ့လား”
“ မ တတ် ဖူး”
ဗမာစကားတစ်ခွန်းကို မပီမသဖြင့် စတင်နားဆင်ခွင့်ရလိုက်၏။ ၀မ်းသာလိုက်သည့်ဖြစ်ခြင်း။ သို့သော် အဆို
ပါ “မတတ်ဘူး” ဆိုသည့် စကားမှပို၍ ထွက်မလာ။ ဘာမေးမေး မတတ်ဘူး ဟုသာ ဖြေသည်။ အခြေအနေက
ထူးခြားမလာသည်မို့ ဘေးဝဲယာသို့ ဝေ့ကြည့်လိုက်မိ၏။ မလှမ်းမကမ်းတွင်ခြင်းတောင်းတစ်ခုကိုကြိုးနှင့်သိုင်း
၍ရွက်ကာ ဖြတ်သွားသည့် အမျိုးသမီးကြီးတစ်ယောကကို လှမ်းမြင်လိုက်ရသည်။ မျှော်လင့်ချက်ခွန်အားသိပ်
မများတော့သော်လည်း ထိုအမျိုးသမီးကြီးကိုပင် အဆင်ပြေလိုပြေငြား အော် မေးကြည့်လိုက်၏။
“ အဒေါ်ကြီး....ဘုန်းကြီးကျောင်း ဘယ်နားမှာရှိလဲဗျ”
“နင်တို့အိမ်ကိုပြောတာလား”
“ ဟာဟုတ်တယ် ဟုတ်တယ်။ ကျုပ်တို့အိမ်ကိုပြောတာ။ ဘယ်နားမှာရှိလဲ။”
”ဟိုးက ...တောင်ပေါ်မှာ..”
“ဥက္ကဋ္ဌကြီးအိမ်ကရော”
“ဒီနားမှာပဲ..နင်လှမ်းကြည့်ရင် မြင်ရမယ်”
“ဟုတ်ကဲ့ ကျေးဇူးပါ။ သြော်..ဒါနဲ့ စကားမစပ် အရင်က ဒီရွာမှာလာနေသွားတဲ့ ဦးဇင်း ဦးသောမဆိုတာ
ကိုသိလား။”
“ အဲဒါ..ငါတို့နဲ့ မဆိုင်ဘူး”
“ဟိုက်! လျှာရှည်မိမှာပဟ။ အင်း အင်း ကျေးဇူးတင်ပါတယ်။ သွားဦးမယ်နော်”