အဖေမဆုံးခင်က မိသားစုဓာတ်ပုံ
အတန်းတင်စာမေးပွဲကြီး နီးပြီမို့ သာသနာ့တက္ကသိုလ်တွင် ကိုယ်ပိုင်စာကြည့်ရက် ပေးထားသော (Pravite Study) အချိန်ဖြစ်သည်။ ကျောင်းဝန်းတစ်ခုလုံး စာကျက်သံများဖြင့် လွှမ်းခြုံနေ၏။ စာရေးသူ လည်း မိမိဖြေဆိုရမည့် တတိယနှစ်အတန်းတင်စာမေးပွဲကို လွယ်ကူချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် အပူ တပြင်း စာကျက်နေရသည်။ ထိုအခိုက်တွင် မျှော်လင့်မထားသော သတင်းဆိုးကြီးတစ်ခုက စာရေးသူထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာ၏။
“ကိုကြီး....အဖေ့ကျန်းမာရေး အခြေအနေ မကောင်းတော့လို့ ကိုကြီးကို လာပြောတာ၊ မနေ့ညက အဖေ့ကို ဆေးရုံကနေ ပြန်ခေါ်လာခဲ့ပြီ။ အဖေ အရမ်းကို မောဟိုက်နေတယ်။ စကားလုံးဝ မပြောနိုင်တော့ ဘူး။ အစ်မကတော့ အဖေ့ဘေးနားမှာရှိတယ်။ ဘကြီးနဲ့ဒေါ်ကြီးလည်း အချိန်ပြည့်စောင့်ကြည့်နေတာပဲ။ခြေ ထောက်ကနေလွတ်ထားတဲ့ ဆေးက ဆက်မသွားတော့တာနဲ့ ဖြုတ်ထားလိုက်ပြီ။ ခုလောက်ဆိုရင်တော့....”
ညီငယ်ပြောပြသော အဖေ့ကျန်းမာရေးအခြေအနေကို ကြားရသည်မှာ ဘယ်လိုမှ အားရစရာမရှိ။ မရဏာနုဿတိကမ္မဋ္ဌာန်းကိုသာ မျက်စိမှိတ်၍ အာရုံပြုလိုက်မိသည်။ ထိုအခိုက်တွင် အမေ၏ပုံရိပ်သည် အ တွေးအိမ်ထဲသို့ တိုးဝှေ့ဝင်ရောက်လာ၏။
“ညီလေး...အမေရော။ အမေ့ကျန်းမာရေးအခြေအနေကရော ဘယလိုလဲ။ နေကောင်းရဲ့လား။ ငါ အမေ့အတွက်လည်း အရမ်းစိတ်ပူတယ်ကွာ”
စာရေးသူသိချင်သောအကြောင်းအရာတို့ကို အလောတကြီး မေးလိုက်မိ၏။ သို့သော်ပြန်ဖြေသော
ညီဖြစ်သူ၏ စကားတို့ကို ကြားရသောအခါ ရင်ထဲတွင်ပို၍ပင် မွန်းကြပ်သွားရတော့သည်။ နှလုံးရောဂါအခံရှိ သော အမေကလည်း အဖေ့ကိုကြည့်ရင်း နှလုံးခုန်နှုန်း သာမာန်ထက်ပိုမြန်လာကာ ကျန်းမာရေးဖောက်ပြန် လာသဖြင့် အဖေ့ကို မမြင်နိုင်စေရန် ဘကြီးတို့အိမ်သို့ ပို့ထားရသည် ဟူ၍ပင်...။
x x x x x x
အိမ်တွင် စာရေးသူအပါအ၀င် သားသမီးလေးယောက်ရှိရာ အစ်မအကြီးဆုံးမှာ အိမ်ထောင်ကျပြီး ဖြစ်သဖြင့် လက်ရှိ သုံးယောက်သာ ကျန်တော့သည်။ ထိုသုံးယောက်တွင်လည်း အကြီးဖြစ်သော စာရေးသူ က ဘုန်းကြီးဝတ်နေပြန်ရာ အငယ်ဆုံးနှစ်ယောက်သာလျှင် မိဘနှစ်ပါးအတွက် အနီးကပ် အားကိုးရာဟု ဆို နိုင်တော့၏။ ယခုကဲ့သို့ အဖေ မကျန်းမမာဖြစ်သောအခါ အစ်မတို့ ဇနီးမောင်နှံသည် မလွဲမသွေလာရောက် ၍ အဖေ့ကိုပြုစုရင်း မိသားစုကိုစောင့်ရှောက်ကြလိမ့်မည်ဟု သိသော်လည်း အားလုံးအတွက်တွေးတော် ပူ ပန်သောစိတ်တို့က စာရေးသူကို လွှမ်းမိုးထား၏။ မည်သို့ပင် ကြိုးစားပါသော်လည်း အပြီးအပိုင်ဖျောက်ဖျက် ပစ်၍မရ။ နာရီပိုင်းမျှသာ ခံနိုင်ရေရှိသည်။ ထို့ကြောင့် စာရေးသူသည် အတန်းတင်စာမေးပွဲဖြေဆိုရန် လေး ရက်မျှသာလိုတော့သည့်အချိန်ဖြစ်သော်လည်း ဖခင်ဖြစ်သူ၏ နောက်ဆုံးဟု ယူဆရသောခရီးကို အမီပြန် ရန်စီစဉ်လိုက်တော့သည်။ သို့သော် ဟင်္သာတသု့ ညပိုင်းပြေးဆွဲသည့်ကား မရှိသဖြင့် နောက်တစ်နေ့မနက် မှ ထပြန်ရမည်ဖြစ်သည်။ စာရေးသူ၏ စိတ်ထဲတွင် ထိုညသည် ညတာရှည်လွန်းသည်ဟုပင်ထင်မိ၏။ ကြိတ် မှိတ်၍ အိပ်ပျော်ရန် ကြိုးစားပါသော်လည်း စိတ်က အတွေးများဖြင့် ယောက်ယက်ခတ်လျက်ရှိသည်။
အကယ်၍ အဖေသည် စာရေးသူရောက်သွားသောအချိန်၌ သတိရနေသေးလျှင် သရဏဂုံသုံးပါးကို နှုတ်ဖြင့် ထုတ်၍ မရွတ်ဆိုနိုင်စေကာမူ စိတ်ဖြင့်ညွတ်၍ ထပ်ကာထပ်ကာ တည်စေဦးမည်။ ထို့နောက် ပဋ္ဌာန်းဒေသနာတော်ကိုလည်း သူ နာယူနိုင်လောက်သည်အထိ ရွတ်ဆိုပေးဦးမည်။ အခြေအနေပေးပါက လက္ခဏာရေးသုံးပါနှင့် သစ္စာလေးပါးတို့အကြောင်းကိုအကျဉ်းချုံ့ကာ ဟောပြောပေးလိုက်ဦးမည်။ ထိုမျှဆို လျှင် ဖခင်၏ ကြီးမားသော ကျေးဇူးတရားကို အကျေ ဆပ်ခွင့် မရလိုက်နိုင်သည့်တိုင် သူလားရမည့်ဂတိအ တွက် အထောက်အပံ့ကောင်းတစ်ခုတော့ ဖြစ်သွားမည်မှာ သေချာ၏။ စသဖြင့် စာရေးသူ တစ်ညလုံး တွေး တောကာ စီစဉ်နေမိည်။
x x x x x x
ရန်ကုန်မြို့ကြီးပေါ်၌ဖြစ်၍ လင်းကြက်တွန်သံကို တောအရပ်ကဲ့သို့ ဆူညံစွာ မကြားရ။ သို့သော် စောစောထ၍ စာမေးပွဲအတွက် စာကြည့်ရန် ပြင်ဆင်တော်မူကြသော တက္ကသိုလ်သင်တန်းသား သံဃာ တော်အချို့၏ လှုပ်ရှားသံများက စာရေးသူက အတွေးမျှင်ကြားထဲမှ ဆွဲထုတ်၏။ ထို့ကြောင့် အိပ်ယာမှအ လူးအလဲ ထကာ အပြေးအလွှားပင် မျက်နှာသစ်လိုက်သည်။ ညီဖြစ်သူမှာတော့ အလာခရီးတွင် ပင်ပန်းခဲ့ သောကြောင့်ထင်၏။ နှစ်ခြိုက်စွာ အိပ်မောကျလျက်ရှိသည်။ သူ့အတွက်အချိန်လင့်စေ၍မဖြစ်။ တတ်နိုင် သမျှ အစောဆုံးပြန်ရမည့်ကိစ္စဖြစ်သောကြောင့် အိပ်ယာမှနှိုးကာ ညီအစ်ကိုနှစ်ယောက်သား အိမ်အပြန်ခရီး ကို စတင်ခဲ့လေတော့သည်။
အရင်ကဆိုလျှင် ဒဂုံဧရာအဝေးပြေးဂိတ်ကိုရောက်တိုင်း ရက်ရှည်လများကွဲကွာနေသော မိဘ၊ ဆွေမျိုး၊ ညီအစ်ကို မောင်နှမများနှင့် တွေ့ရတော့မည့်အရေးကိုတွေး၍ အကြိမ်ကြိမ် ပျော်ရွှင်ကြည်နူးမှုဖြစ် ခဲ့ရသည်။ ယခုမူ အဝေးပြေးဂိတ်ရှိရာ လှိုင်သာယာ အမည်ရှိသောမြို့သည်ပင် စာရေးသူအတွက် မသာ ယာနိုင်တော့။ အရာအားလုံး ခြောက်သွေ့နေသယောင် ထင်ရသည်။ “ မိမိတို့ မိသားစုတွင် အဖေဟူသော နေမင်းကြီး ထာဝရ ပျောက်ကွယ်သွားတော့မှာပါ့လား” ဟူသောအတွေးက စာရေးသူကို အားလပ်ချိန်ခဏ လေးမျှပင် မပေးဘဲ အချိန်ပြည့်နှိပ်စက်နိုင်လွန်း၏။
ကားစက်နှိုးသံတစ်ချက်ကို သတိထားလိုက်မိပြီးနောက် မကြာမီ ကားစထွက်ပြီ ဟူသောအသိနှင့် အတူ အိမ်သို့ အမြန်ရောက်ချင်သော စိတ်တို့က ထိမ်းမနိုင်သိမ်းမရ တကြွကြွဖြစ်နေ၏။ “စိန်နိုင်ကျော်”ဟူ သော ရန်ကုန်-ဟင်္သာတ ပြေးဆွဲသည့်ကားမှာလည်း ထိုနေ့က စာရေးသူ၏ သောက၀န်ထုပ်ကြီးကိုတင် ဆောင်လာရသည်မှာ လေးပင်လွန်းသောကြောင့်ထင်၏။ ခါတိုင်းထက်ပို၍ အရှိန်နှေးကွေးစွာ ရုန်းကန်ရွေ့ လျား နေသကဲ့သို့ရှိသည်။ ကားဆင်းရမည့် ပိတောက်ကုန်းရွာသို့ နေ့လည် နှစ်နာရီ ကျော်မှ ရောက်၏။
ရောက်လျှင် ရောက်ခြင်း ကားပေါ်မှ အဆင်းတွင် စာရေးသူတို့ ညီအစ်ကို နှစ်ယောက်ကို လာကြို သော ဆိုင်ကယ်သမားမျုားကို အဆင်သင့်တွေ့လိုက်ရသဖြင့် အနည်းငယ် အဆင်ပြေသလိုရှိသည်။ သို့ မဟုတ်ဘဲ ရွာအထိ ထပ်၍ လမ်းလျှောက်ရမည်ဆိုပါက စာမေးပွဲနီးသဖြင့် အိပ်ရေးပျက်ထားသော ရက်တို့ များခဲ့သည်က တစ်ကြောင်း၊ အချိန်မရသဖြင့် အရုဏ်ဆွမ်းရောနေ့ဆွမ်းပါ လွဲခဲ့သည်ကတစ်ကြောင်း၊ကားစီး လာခဲ့ရသဖြင့် ခရီးပမ်းလွန်းသည်ကတစ်ကြောင်း စသည်တို့ကြောင့် စာရေးသူပါ ကျန်းမာရေးထိခိုက်ကာ မ ကြာမီဖြေဆိုရမည့် အတန်းတင်စာမေးပွဲအတွက် အခက်အခဲရှိသွားနိင်သည်။
ဆိုင်ကယ်ပေါ်ရောက်၍ ဆိုင်ကယ်မောင်သူအား ဖခင်၏ ကျန်းမာရေးအခြေအနေကို မေးမြန်းကြည့် လိုက်သောအခါ ပြီးခဲ့သော ညကပင်ဆုံးသွားခဲ့ပြီဖြစ်ကြောင်း ဓမ္မသံဝေဂရဖွယ် ကြားသိလိုက်ရတော့၏။ “သေခြင်းတရားဟူသည် ထူးခြားဆန်းကြယ်သော အရာတစ်ခုမဟုတ်သဖြင့် အံ့သြ၀မ်းနည်းနေဖွယ်မလို”ဟု သိထားပြီးဖြစ်သော်လည်း စာရေးသူကို ကလေးဘ၀မှစ၍ ယခု အသက် (၂၄) နှစ်အရွယ်အထိရောက် အောင် ကျွေးမွေးပြုစု စောင့်ရှောက် ထောက်ပံ့ပေးခဲ့ရှာသော ကျေးဇူးရှင်ဖခင်ကြီးသည် စာရေးသူ ဘာတစ် ခုမှ ကျေးဇူးတုန့်ပြန်ခွင့်မရသေးခင် ဒီရုပ်ဒီခန္ဓာနှင့် ဒီကမ္ဘာပေါ်မှာ ဘယ်သောအခါမှ နောက်ထပ်တစ်ကြိမ် ထပ်မဆုံနိုင်တော့သည့် ခွဲခွါခြင်းမျိုးနှင့် ခွဲခွာသွားလေပြီ”ဟူသောအသိက စာရေးသူကို ကြီးစွာ စိတ်ကောင်း ဖြစ်စေသည်မှာ အမှန်ပင်ဖြစ်၏။
စာရေးသူတို့ကိုတင်ဆောင်၍ လမ်းကြမ်းပေါ်တွင် တစ်ရိပ်ရိပ်ပြေးဆွဲနေသော သက်မဲ့ဆိုင်ကယ် သည် သူ့ရင်ထဲက ပူလောင်မှုကို အခိုးအငွေများအဖြစ် မှုတ်ထုတ်ဖြေသိမ့်ခွင့်ရှိ၏။ စာရေးသူကား သက်ရှိရ ဟန်းတော်တစ်ပါးဖြစ်နေသဖြင့် ယခုကဲ့သို့ တစ်သီးပုဂ္ဂလခံစားချက်နှင့်ပတ်သက်လာသောအခါ ထိုဆိုင် ကယ်လောက်အထိအခွင့်မသာ။ အများသူငါ စံနမူနာယောက်နိုင်လောက်အောင် တည်ပြထားနိုင်မှသာသင့် လျှော် လျောက်ပတ်မှု ရှိပေလိမ့်မည်။ သို့မှလည်း မျက်ရည်လည်ရွဲနှင့် ငိုပွဲဆင်နေကြမည့် အမေနှင့် ညီအစ် ကိုမောင်နှမများကို တရားသဘောနှင့် ဆိုဆုံးမ၍ ရနိုင်မည်မဟုတ်လော။ ထို့ကြောင့် စာရေးသူသည် စိတ် မကောင်းပင်ဖြစ်ရသော်လည်း မျက်ရည်မကျမိအောင် ပထမဦးဆုံး မိမိကိုယ်ကိုယ် ဆုံးမဖြေသိမ့်၏။စာရေး သူအိမ်သို့ရောက်၍ အဖေ၏ ရုပ်အလောင်းကို ခေါင်းသွင်းကြသောအခါ ပုထုဇဉ်ပီသစွာပင် သောကဝေဒ နာ အချို့က မဖိတ်ခေါ်ပါဘဲ ရင်တွင်းသို့ တိုးဝှေ့ဝင်ရောက်လာကြ၏။ သို့သော် တည်ငြိမ်မှုနှင့် ရင်ဆိုင်နိုင်ခဲ့ သည်။ ထို့ကြောင့် အဖေဆုံးသည့်ကိစ္စ၌ စာရေးသူ ကိုယ့်စိတ်ကိုကိုယ် အောင်မြင်သည်ဟု ယူဆသည်။တမ လွန်မှ ဖခင်သည်လည်း မြင်နိုင်စွမ်းသာ ရှိပါက သားဖြစ်သူ၏ တည်ငြိမ်နိုင်မှုအပေါ် ကျေနပ်လိမ့်မည်ဟု မျှော်လင့်မိ၏။ အကယ်၍များထိုနေ့က စာရေးသူသည် မိုးသားတိမ်တိုက်တစ်ခုသာ ဖြစ်ခဲ့ပါမူ သူ့ရာသီကိုယ့် ရာသီ ခွဲခြားနေတော့မည်မဟုတ်ဘဲ သဲမဲစွာရွာသွန်းလိုက်မိမည်မှာ မလွဲဧကန် အမှန်စင်စစ် ဖြစ်ပေတော့ သည်။ ဤကားပုထုဇဉ်အရိုင်းလေးတစ်ဦး၏ ရင်တွင်းဆန္ဒမျှသာ.......။
x x x x x x
နှစ်ရက်ဟူသော အချိန်ကာလသည် ပြောင်းလဲမှုပေါင်းမြောက်များစွာကို ဖြစ်ပေါ်စေပြီးနောက်လျဉ် မြန်မှု အစွမ်းကုန်နှင့် ကျော်လွန်ခဲ့ပြီးနောက် စာရေးသူ တတိယနှစ်အတန်းတင်စာမေးပွဲဖြေဆိုရန် တစ်ရက် အလိုသို့ရောက်လာလေတော့၏။ ထို့ကြောင့် စာရေးသူလည်း ဖခင်နှင့်သေကွဲကွဲထားပြီးစဖြစ်၍ ပူပူနွေးနွေး လွမ်းဆွေးနေကြဆဲဖြစ်သော လူမမာသည် အမေနှင့် ညီလေးညီမလေးတို့ကို ဂရုစိုက်မနေအားတော့ဘဲ မ လွှဲသာ မရှောင်သာ ထပ်၍ ရှင်ခွဲခွဲခွာကာ ရန်ကုန်သို့ ပြန်လာခဲ့လေတော့သည်။ အလာလမ်းတွင် အဖေ့အ တွက် ပူပင်ခဲ့ရသကဲ့သို့ အပြန်လမ်းတွင်လည်း အမေ့အကြောင်းကိုတွေးရင်း ရှေ့ဆက်ရမည့်အနာဂတ်ကို ကြိုတင်စဉ်းစားကြည့်ကာ ရင်လေးနေမိ၏။ စာရေးသူက ရဟန်းဖြစ်သည်မို့ လူ့လောက လူ့ကိစ္စဖြစ်သောအ မေနှင့် ညီညီမလေးများ၏ အရေးကို ကိုယ်နှင့်မဆိုင်သကဲ့သို့လျစ်လျူရှုထားလိုက်မည်ဆိုပါက စာရေးသူ လောက် တစ်ကိုယ်ကောင်းဆန် အတ္တကြီးသော ကိုယ်လွတ်ရုံးတတ်သူဟူ၍ လောက၌ ရှိလိမ့်မည်ပင်မ ဟုတ်တော့ချေ။ အဘယ့်ကြောင့်ဆိုသော် ကိုရင်ဝတ်ပြီးသည့်နေ့မှစ၍ ယခု ရဟန်း (၄)၀ါ ရသည့်တိုင် အောင် စာရေးသူ၏ လိုအပ်သမျှကို အဓိက ကျောထောက်နောက်ခံပြု၍ ဖြည်းဆည်းပေးလာခဲ့သည်မှာ ထို
မိဘညီအစ်ကိုမောင်နှမများပင် ဖြစ်သောကြောင့်တည်း။ ယခုမူ အဖေသည် ငယ်ငယ်ရွယ်ရွယ်နှင့်မျှော်လင့် မထားသောအချိန်တွင် မိသားစုကို မျက်ကွယ်ပြုသွားခဲ့လေပြီ။ “တာဝန်သိသူတွင် တာဝန်ရှိ၏”ဟူသောအ ဆိုကိုလက်ခံလျှင် စာရေးသူသည် တာဝန်သိသော သားအကြီးတစ်ယောက်အနေဖြင့်မိသားစုတာဝန်ကို မလွဲမသွေ ယူရမည်ဖြစ်၏။ ထို့ကြောင့် ကျန်းမားမကောင်းသော အမေ ကျောင်းမပြီးသေးသော ညီလေးနှင့် အဖေရှိစဉ်ကတည်းက အိမ်တွင်းပုန်းလုပ်ကာ လူ့ပတ်ဝန်းကျင် လူ့သဘာဝ စီးပွားရေး ကြီးပွားရေးတို့ကို ကောင်းကောင်းနားမလည်သေးသော ညီမလေးတို့၏ ရှေ့ဆက်ရပ်တည်ရမည့် ဘ၀ရှေ့ရေးအတွက်မည် သို့မည်ပုံ ကူညီဖြေရှင်းပေးရမည်ကို စာရေးသူ အပြင်းအထန် ထည့်သွင်းစဉ်းစားရသည်။ ထိုသို့ လေးလေး နက်နက် စဉ်းစားလိုက်သောအခါ “သတ်ရင် သတ်ပစ်၊ လူမထွက်ဘူး”ဟူ၍ ဆွေမျိုးများနှင့် သူငယ်ချင်းများ ရှေ့တွင် ကြွားလုံးထုတ်ကာ ကြွေးကျော်ခဲ့ဘူးသော မိမိ၏ ဆုံးဖြတ်ချက်မဏ္ဍိုင်သည်ပင် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသကဲ့သို့ရှိသည်။ ထိုအခိုက်တွင် ညီ၊ ညီမငယ်တို့၏ စကားတစ်ချို့ကို ပြန်လည်ကြားယောင် လာမိ၏။
“ ကိုကြီး အဖေမရှိတော့လို့ ဆိုပြီး တပည့်တော်တို့အတွက်နဲ့တော့ဘယ်တော့မှ လူမထွက်ပါနဲ့၊ တ ပည့်တော် ကျောင်းကို ဒေးမတက်ဘဲ အဝေးသင်ယူမယ်။ ကျန်တဲ့အားလပ်ရပ်တွေမှာ အိမ်က စီးပွားရေးကို အမေတို့အစ်မတို့နဲ့ အတူတူ ကူညီပြီးလုပ်ပေးမယ်။ အဖေရှိတုန်းကလို ကလေးဆန်ဆန်နဲ့ ကျောင်းသား လုပ်မစားတော့ပါဘူး။ ကိုကြီးကို ကတိပေးတယ်။”
“အစ်ကို ညီမလေးတို့တွေအတွက် ဘာမှ မပူပန်ပါနဲ့နော်..။ ညီမလေးတို့ နေတတ်တယ်။ အစ်ကို ရောက်ချင်တဲ့ပန်းတိုင်ကိုသာ ရောက်အောင်သွားပါ။ အမေ့ကိုလည်း စိတ်ချ။ ညီမလေးပြုစုပါ့မယ်။ စီးပွား ရေးဆိုတာကတော့ အလုပ်ကသင်သွားမှာပေါ့။ ညီမလေးတို့အတွက် ဆုံးဖြတ်ချက်တွေပြောင်းပြီး လူမ ထွက်ပါနဲ့။ အစ်ကိုလည်း လောကုတ္တရာပညာရေးမှာ တက္ကသိုလ်အဆင့်တောင်ရောက်နေပြီပဲ။ လျှောက် လက်စ လမ်းမှာ နောက်ပြန်တွန့်စေမယ့်အတွေးမျိုး အစ်ကို့ဆီကို ၀င်မလာစေချင်ဘူး။”
အားပေးတိုက်တွန်းနေသောသူတို့၏ စကားလုံးများသည်ပင် တစ်ဖန်ပြန်၍ ကရုဏာသက်ဖွယ် ရာအဖြစ်ပြောင်းလွဲသွားတတ်ကြကြောင်း စာရေးသူ ကိုယ်တွေ့သိလိုက်ရသည်။ စာရေးသူ ညီလေး ညီမ လေးတို့ကို သနား၏။ အမေ့ကိုလည်း ကိုယ်တိုင်ကိုယ်ကျ အနီးကပ် ဂရုစိုက်ပစ်လိုက်ချင်သည်။ အဖေရှိစဉ် က အဖေ့ကို တစ်ခါတစ်ရံ တရားစကားအနည်းငယ် ပြောဆိုဆွေးနွေးခြင်းမှအပ ဘာမှမယ်မယ်ရရ အားရ ကျေနပ်လောက်သည်အထိ ကျေးဇူးတုန့်ပြန်ခွင့်မရခဲ့။ သူ၏ သက်တမ်းမှာ (၄၇) နှစ်မျှသာဖြစ်ကြောင်းစာ ရေးသူ ကြိုတင်၍ တွေးထင်မထားခဲ့သောကြောင့်လည်းဖြစ်သည်။ ထို့ကြောင့် သက်ရှိထင်ရှားကျန်နေသေး သော အမေ့ကို လျစ်လျူရှုမထားရက်တော့။
မိဘကျေးဇူးကို တုန့်ပြန်ရာတွင် ရဟန်းဘ၀နှင့် အပြည့်အ၀တုန့်ပြန်၍ရနိုင်ကြောင်း ဘုရားဟော ကျမ်းလာ အခိုင်အမာရှိ၏။ သို့သော် သာသနာ့တက္ကသိုလ်တတိယနှစ်ကိုတက်နေသော စာရေးသူသည် မိ ဘကျေးဇူးကို တုန့်ပြန်ရန်မဆိုထားနှင့် ကျောင်းစရိတ်ကိုပင် မိဘထံမှ လက်ဝါးဖြန့်တောင်းနေရသော အခြေအနေဖြစ်ပေရာ အဘယ်မှာလျင် အဆင်ပြေနိုင်ပါအံ့နည်း။ အမေသည် စာရေးသူဘာတစ်ခုမှမတတ် နိုင်သေးခင် အဖေ့ကို ဆုံးရှုံးလိုက်ရသကဲ့သို့ ဆုံးရှုံးသွားဦးမည်ဆိုပါက ဘ၀တွင် သိသိနှင့်နှစ်ခါ နစ်နာရပေ ဦးတော့မည်။ ထိုသို့သာဖြစ်ခဲ့လျှင် နောင်တစ်ချိန် ရဟန်းဘ၀နှင့်အသက်ကြီးလားသောအခါ မိဘကျေးဇူးတ ရားကို ပရိသတ်အားဟောပြရန်ပင် ခွန်အားရှိလိမ့်မည်မဟုတ်တော့။ မိမိ၌လက်တွေ့မရှိသောကြောင့်ဖြစ် သည်။ ထို့ကြောင့် စာရေးသူအနေဖြင့် တစ်ဝက်မရှိတရှိခီးကို ရှေ့ဆက်လျှောက်မည်လား နောက်ပြန်ဆုတ် မည်လား ရွေးချယ်စဉ်းစားရခက်နေ၏။ နောက်ပြန်ဆုတ်ရန်ဆိုသည်မှာလည်း ပြော၍လွယ်သလောက် လျှောက်မိပြီးသားလမ်းက ခြေရာတွေများလွန်းသဖြင့် လက်တွေ့၌သာသနာ့ဘောင်ကို သံယောဇဉ်ပြတ်နိုင် ဘို့ရာ လွန်စွာခဲယဉ်းလွန်းလှသည်။ သို့သော် မိမိအနာဂတ်၏ ဘ၀ပုံရိပ်သည် မိမိ၏ကိုယ်ပိုင်ဆုံးဖြတ်ချက် နှင့်သာ ထုဆစ်ပုံဖေါ်ရသော ပန်းပုရုပ်တစ်မျိုးဖြစ်ပေရာ နောင်တစ်ချိန်တွင် အမှားနောင်တ သံသယကင်း စွာ ဘ၀ကို ဖြတ်သန်းနိုင်ရေးအတွက် အခုကတည်းက ဆုံးဖြတ်ချက်မှန်ထားရပေလိ့မ့်မည်။ ထို့ကြောင့် ရေ ရှည်တွေဝေနေ၍ ဖြစ်နိုင်သည့်အခြေအနေမျိုးမဟုတ်သဖြင့် စာရေးသူ ဆုံးဖြတ်ချက်တစ်ခုကို စိတ်ထဲတွင် အခိုင်အမာချမှတ်ကာ အလွန်နီးကပ်နေပြီဖြစ်သော တတိယနှစ်အတန်းတင်စာမေးပွဲအတွက် ကြိုးစားပြီးစာ ကျက်လိုက်တော့သည်။
x x x x x x
“သား ဒီမှာ ခဏလာကြည့်ပါဦး။ ဒါ သားဖေဖေရှိကတည်းက မေမေတို့ စုဆောင်းထားတဲ့ မေမေ တို့ပစ္စည်းတွေပေါ့။ ဒီဘက်မှာလည်းရှိသေးတယ်။ ဒီလောက်ဆိုရင် မေမေတို့ သားအမိသုံးယောက်လုပ်ကိုင် စားသောက်လို့ လွယ်ကူပါတယ်။ မိသားစုအတွက် ဘာမှ နောက်ဆံမတင်းပါနဲ့။ စာကိုသာ ပုံမှန်အတိုင်း ဆက် ကြိုးစား။ လိုအပ်တာရှိရင် မေမေကိုပြော။ အားလုံး အဆင်ပြေသွားမှာပါ။”
သိမ်းထားသော လက်ဝတ်ရတနာပစ္စည်းများကို သေတ္တာထဲမှာထုတ်ယှူု တစ်ခုချင်းစီပြသရင်း ရင် ထဲက စကားများကို အမေက ဖွင့်ဟနေခြင်းဖြစ်သည်။ အမေသည် အလွန်ရိုးအေး၍ စကားလည်း အင်မ တန်နည်းသူဖြစ်၏။ သူပြောလိုသည့်စကားကို ဖွဲ့ကာနွဲ့ကာဖြင့် သွယ်ဝိုက်၍ မပြောတတ်သလို တိုက်ရိုက် ပြောဆိုခြင်း၌လည်း အားနည်း၏။ မဖြစ်မနေပြောရမည့်စကားကိုသာ ပြောလေ့ရှိသည်။ အမေ့ထံမှ စကား လုံးများစွာကိုဆက်လက်၍မကြားခဲ့ရသော်လည်း စာရေးသူ အမေ့စိတ်ကို နားလည်သည်။ အကယ်၍များ အ မေ့ရင်ထဲက စကားလုံးများကို ကြားနိုင်စွမ်းရှိမည်ဆိုပါက--
“ငါ့သားကြီးကဆရာဝန်ကြီးတစ်ယောက်ြဖစ်နေတာမဟုတ်တော့ ရောဂါဖြစ်နေတဲ့လူနာတွေကို ဆေးဝါးတွေနဲ့ မကုသနိုင်ဘူးပေါ့။ ဒါပေမယ့် အဲဒီလိုကုသနိုင်တယ်ဆိုတာက တစ်ဘ၀စာခံစားရတဲ့ ရောဂါ ရယ်ပါ။ အခု ငါ့သားလူတွေကို ကုသပေးနေတယ်ဆိုတာက သံသရာအဆက်ဆက် ဘ၀တိုင်း ဘ၀တိုင်းမှာ ကပ်ပါနေတဲ့ ကာမရောဂါဝမ်းတွင်းနာ။ ပေးတဲ့ဆေးက ငြိမ်းအေးမှု တရားဓမ္မ။ ပိုလို့တောင်မြင့်မြတ်ပါသေး တယ်။ ပြီးတော့လည်း ငါ့သားကြီးက စစ်ဗိုလ်ကြီးတစ်ယောက်မဟုတ်တော့ တိုင်းပြည်ကို ကျူးကျော်ထိပါး လာတဲ့ ရန်သူတွေကို တိုက်ထုတ်ကာကွယ် မပေးနိုင်ဘူးပေါ့။ အဲဒီလိုကာကွယ်တယ်ဆိုတာကလည်း ပြင်ပ ရန်သူတွေကိုသာ တိုက်ထုတ် ကာကွယ်လို့ရတာပါ။ ကိုယ့်ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ကိလေသာရန်သူတွေကို တော့ သားတို့ဟောပြမယ့် မြတ်စွာဘုရားရှင်ရဲ့ တရားဓမ္မကလွဲပြီး ဘယ်အရာကမှ ကာကွယ်မပေးနိုင်ပါ ဘူး။ ဒါကြောင့် မိဘတိုင်းက သားသမီးတိုင်းအပေါ်မှာ ထားတတ်တဲ့မျှော်လင့်ချက် ငါးမျိုးဆိုတာ ရှိတယ်ဆို ပေမယ့်လည်း ငါ့သားကြီးကို သာသနာတော်အတွက် လှူဒါန်းတယ်။ လူထွက်ပြီး အနီးကပ်ပြုစုရင် တစ်ဘ၀ စာပဲပြုစုလို့ ရမှာ။ စောင့်ရှောက်ရင်လည်း ပြင်ပကိုပဲ စောင့်ရှောက်ပေးလို့ရမှာ” စသဖြင့် ပဲ့တင်ထပ်နေမည် မှာ သေချာပါသည်။
အမေကိုယ်တိုင်ပြောပြသော စကားလုံးအချို့နှင့် အမူအယာတို့မှတစ်ဆင့်ဖတ်ယူ၍ရသော အနက်အဓပ္ပါယ်တို့သည် စာရေးသူ၏ရင်တွင်းကဆုံးဖြတ်ချက်ကို ဆထက်ထမ်းပိုးတိုး၍ ခိုင်မာစေခဲ့၏။ ရှေ့ သို့လျှောက်နေစဉ် နောက်သို့ပြန်မျှော်ကြည့်လိုက်သောအခါ နောက်ဆံတင်းရမည့်အဖြစ်မျိုးမှလည်းကင်း လွတ်ခဲ့ရသည်။ ထို့ကြောင့် စာရေးသူသည် မိမိမြတ်နိုးသော ရဟန်းဘ၀ကို ဘယ်သောအခါမှမစွန့်လွှတ်ဘဲ
ဘာသာ သာသနာအတွက်အကျိုးရှိအောင် ဆောင်ရွက်တော့မည် ဟူသော ဆုံးဖြတ်ချက်ဖြင့် ဆက်လက်၍ ဘ၀ကို စိတ်ကြိုက် ပုံဖေါ်နိုင်ပေတော့မည်။
မှတ်ချက်။ ။ ဤစာမူသည် သာသနာ့တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း၌ဖေါ်ပြခဲ့ပြီးဖြစ်ပါသည်။

No comments:
Post a Comment